ကလိန်အောင် ဇွန် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်ဒေသအတွင်း စားသုံးဆီဖူလုံစွာသုံးနိုင်ရန်အတွက် နေကြာသီးနှံ သီးထပ်သီးညှပ်ပင် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က ကလိန်အောင်မြို့သည် စိုက်ပျိုးရေးကိုအခြေခံပြီး အသက်မွေးဝမ်းကျောင်းပြုသည့် ဒေသဖြစ်၍ တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာအသိပညာများ ရရှိစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show ) အစီအစဉ် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အသိပညာပေးဆွေးနွေးပွဲတွင် ဦးဆောင်ပါဝင်ဆွေးနွေးသူ ကလိန်အောင်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးသက်ခိုင်က ကလိန်အောင်မြို့အတွင်းရှိ စိုက်ပျိုးရေး တောင်သူများအနေဖြင့် တောင်ယာများနှင့် မြေနုကျွန်းပေါ်များတွင် ဆီထွက်သီးနှံများအနက် နေကြာသီးနှံပင်မှာ သီးထပ်သီးညှပ်ပုံစံအမျိုးမျိုးဖြင့် မိုးဆောင်းရာသီမရွေး၊ မျိုးစေ့ဈေးနှုန်း သက်သာစွာစိုက်ပျိုးနိုင်သော သီးနှံဖြစ်ကြောင်း၊ တစ်ဧကကို ပန်းတိုင်အထွက်နှုန်း တင်း (၅၀) နှင့်အထက် ထွက်ရှိစေပြီး အထူးအထွက်တိုး နေကြာမျိုးများဖြင့် မျိုးပြောင်းလဲစိုက်ပျိုးပါက တစ်ဧကမှာ ဆီပိဿာအများဆုံး (၂၀၀) အထိရရှိနိုင်တဲ့ ဆီထွက်သီးနှံဖြစ်ကြောင်းကို လည်းကောင်း၊ နေကြာသီးနှံစိုက်ပျိုးရေး နည်းစနစ်အကြောင်းများ၊ မြေအမျိုးအစားနှင့် မြေပြုပြင်ခြင်းအကြောင်း၊ စနစ်တကျရိတ်သိမ်းပုံအကြောင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်းအကြောင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းအကြောင်း၊ စိုက်ပျိုးချိန်၊ စိုက်စနစ်နည်းပုံစံများအကြောင်း၊ သွင်းအားစု ထည့်သွင်း အသုံးပြုခြင်းအကြောင်းကို လည်းကောင်း၊ တောင်သူများကိုလည်း စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများနှင့် ပတ်သက်၍ သိရှိလိုပါက စိုက်ပျိုးရေးဦးစီးဌာနများသို့ ဆက်သွယ်နိုင်မည့် အစီအစဉ်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလတွင် ပြည်သူများအသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများကို ဖိတ်ခေါ်ပြီး အွန်လိုင်းစနစ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။
ခင်ခင်လဲ့(ပြန်/ဆက်)