ကျောက်ကြီး ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ ဦးဆောင်ပြုလုပ်သည့် အသက်မွေးဝမ်းကျောင်းအထောက်ကူပြု အခြေခံစက်ချုပ်သင်တန်း(၁/၂၀၂၂) ဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့သည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ ရဲတပ်ဖွဲ့မှူး၊ ရဲမှူးစောကျော်လင်းဦး တက်ရောက်အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းရီက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အခြေခံစက်ချုပ်သင်တန်းတစ်ကြိမ်နှင့် အဆင့်မြင့်စက်ချုပ်သင်တန်းတစ်ကြိမ်ဖွင့်လှစ်မည်ဖြစ်ပြီး၊ ယခု အခြေခံ စက်ချုပ်သင်တန်းသည် ရက်ပေါင်း(၃၀)ပြည့်ပြီး၊ ယနေ့သည် သင်တန်းဆင်းသည့် အခမ်းအနားဖြစ်ပါကြောင်း၊ သင်တန်းသူ(၂၅)ဦးအား ရက်ပေါင်း(၃၀)အတွင်း၌ စာတွေ့နှင့်လက်တွေ့ သင်ကြားထားပြီးဖြစ်၍ သင်တန်းသူများ၏ ကြိုးစားအားထုတ်ထားမှုများကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း၊ သင်တန်းသူများ၏ လက်ရာဝတ်စုံများထဲမှ ဝတ်စုံတစ်စုံစီနှင့် သင်ထောက်ကူပစ္စည်းများကိုလည်း လက်ဆောင်ပြန်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိဝတ်စုံများကို အခြေခံပညာကျောင်းများနှင့် မိဘမဲ့ကျောင်းများသို့ ထောက်ပံ့လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အသက်မွေးဝမ်းကျောင်းအထောက်ကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းလက်မှတ်၊ ဂုဏ်ပြုလက်ဆောင်နှင့် သင်တန်းတွင် ထူးချွန်သူများသို့ ပထမ၊ ဒုတိယ၊ တတိယဆုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြား၍ သင်တန်းဆင်းပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။
ကျောက်ကြီးမြို့နယ်၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်၍ ယနေ့အချိန်အထိ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံစက်ချုပ်သင်တန်း(၁၅)ကြိမ်၊ သိုးမွှေးထိုးသင်တန်း(၂)ကြိမ်၊ ဆပ်ပြာချက်လုပ်သင်တန်း(၄)ကြိမ်၊ အိမ်တွင်းမှုဖန်စီသင်တန်း(၁)ကြိမ်၊ စိုက်ပျိုးရေး/ မွေးမြူးရေးသင်တန်း(၄)ကြိမ် ဖွင့်ပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)