အိမ်မဲ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်း အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
“ကျွန်မတို့ လူမှုဝန်ထမ်းဦးစီးဌာနမှ အိမ်မဲမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၇)အုပ်စုမှ အသက် (၈၅)နှစ်အထက် ဘိုးဘွား (၈၆၉)ဦးအတွက် ထောက်ပံ့ငွေများကို ဇွန်လ ၁၀ ရက်နေ့ကတည်းက ကျွန်မတို့ရုံးမှာ ထုတ်ပေးတာ ဖြစ်ပါတယ်။ ထုတ်ပေးတာကလည်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာစာရေးတွေကို ထုတ်ပေးပြီး သူတို့ကတစ်ဆင့် ထောက်ပံ့တာ ဖြစ်ပါတယ်။ ယခုကလည်း ကျွန်မတို့လက်လှမ်းမှီသလောက် မြို့ပေါ်ရပ်ကွက်နဲ့ အနီးအနားကရွာတွေကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးတာဖြစ်ပါတယ်လို့” အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဒေါ်ဝေဝေထွန်း ပြောကြားချက်အရ သိရသည်။
အိမ်မဲမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၇)အုပ်စုမှ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၈၆၉)ဦးအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပါတ် (ဧပြီ၊မေ၊ဇွန်)လအတွက် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၆၀၇၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)