ဓနုဖြူမြို့နယ်၌ ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးခြင်းမပြုကြရန် ပညာပေးပိုစတာများ စိုက်ထူခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ဓနုဖြူ ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ “ငါးရစ်ငါးသန် ဘေးမဲ့ချန် ပုံမှန်စားသုံး မျိုးမသုဉ်း” စာသားပါ မြေစိုက်ပိုစတာများ စိုက်ထူခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက အကျော်ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

နိုင်ငံပိုင် ငါးသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်နှင့် သဘာဝငါးသယံဇာတ ပြုန်းတီးမှုမဖြစ်စေရန် ပြည်သူများလိုက်နာရမည့် ရေချိုရေငန် ငါးလုပ်ငန်းဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် တားမြစ်ထားသော ငါးဖမ်းကိရိယာများဖြင့် ငါးဖမ်းဆီးခြင်း မပြုလုပ်ကြရန် စသည့် အချက်များပါဝင်သော မြေစိုက်ပိုစတာကို မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်းနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အင်းသားကြီးများနှင့် ရေလုပ်သားအစုအဖွဲ့ဝင်များ ပါဝင်စိုက်ထူခဲ့ပြီး ငါးလုပ်ငန်းဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများသို့ အခမဲ့ ဖြန့်ဝေခဲ့သည်။

ဆက်လက်၍ အကျော်ချောင်းအတွင်း ငါးရစ်ငါးသန်ကာလတွင် ငါးဖမ်းခြင်းမပြုကြရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)