ဇီးကုန်း ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့် ကျေးလက်ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက သရက်တပင် ကျေးရွာအုပ်စု၊ ရှားဖြူကုန်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စိုက်ပျိုးရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေး ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဆည်/မြောင်းဦးစီးဌာန၊ ကျန်းမာရေး၊ စားသုံးသူရေးရာတို့မှ တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့်တွေဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ရေး၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး အသုံးပြုပုံတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဒေသခံတောင်သူများမှ သိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆွေးနွေးမေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြပြီး၊ မီးဖိုချောင်သုံးပစ္စည်းများ အသုံးပြု၍ သဘာဝပိုးသတ်ဆေး ဖော်စပ်နည်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ ကြသည်။
ယမန်နေ့ကလည်း ဘုရားပျိုကျေးရွာအုပ်စု၊ ရေတာရှည်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းနှင့် တစ်လလျင် ကျေးရွာ ၁၀ ရွာသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)