သရက် ဇွန် ၁၄
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ ရပ်ကွက်/ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းများအား ရပ်ကွက်/ ကျေးရွာများ အလိုက် အဖွဲ့များခွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ရွှေဘုံသာအခြေခံပညာမူလတန်းကျောင်း၊ တောင်မင်းတည်းအခြေခံပညာ မူလတန်းကျောင်း၊ တပ်တွင်း အခြေခံပညာမူလတန်းကျောင်းနှင့် ရပ်ကွက်များ၊ မဒင်းကျေးရွာ၊ အလတ်လပ်ကျေးရွာနှင့် မစိုးရိမ်ဘုန်းကြီးကျောင်းတို့တွင် အဖွဲ့များခွဲ၍ သွေးလွန်တုပ်ကွေး ကြိုတင် ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ရှင်းလင်းခြင်း၊ ခြင်ခိုအောင်းမှု မရှိစေရန် ရေလှောင်ကန်များ၊ ရေပုံးများ၊ ရေမြောင်းများ၊ မိုးရေဝင် နိုင်သည့် အိုးခြမ်းပဲ့၊ တာယာကွင်း စသည့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် ခရိုင်ကျန်းမာရေးဦးစီးဌာနမှူးနှင့်အဖွဲ့သည် အသိပညာပေးခြင်းလုပ်ငန်းအဖြစ် ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးလက္ခဏာများ၊ သွေးလန့်သည့်လက္ခဏာများနှင့် သွေးလွန် တုပ်ကွေး ရောဂါဖြစ်ပွားစေသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောပြီး သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေးလက်ကမ်း စာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)