ကြံခင်းမြို့နယ် သစ်တောဦးစီးဌာနမှ ပျိုးပင်များ အခမဲ့ဖြန့်ဝေ

ကြံခင်း ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူများ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန်၊ သစ်တောသစ်ပင်များ ချစ်မြတ်နိုးတတ်စေရန်၊ အပူဒဏ်အန္တရာယ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ် သဲဖြူကျေးရွာအုပ်စုနှင့် ချင်းမြောင်ကျေးရွာအုပ်စုများရှိ ပြည်သူများ လက်ဝယ်အရောက် ပျိုးပင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေရာတွင် မြို့နယ်သစ်တောဦးစီးဌာနမှ တောခေါင် ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများက ကြံခင်းမြို့နယ် သဲဖြူကျေးရွာအုပ်စုနေ ပြည်သူများအား ကျွန်း၊ မန်ဂျန်ရှား၊ မဟော်ဂနီ ပျိုးပင်ပေါင်း (၉၀၀)ပင်အား လည်းကောင်း၊ ချင်းမြောင်ကျေးရွာအုပ်စုနေ ပြည်သူများအား ကျွန်း၊ မန်ဂျန်ရှား၊ မဟောဂနီ ပျိုးပင်ပေါင်း (၈၅၀)ပင်တို့အား သစ်ပင်စိုက်ပျိုးလိုသူများ လက်ဝယ်သို့ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်း ပျိုးဥယျာဉ်ဘိနယ် (၇)ခုတွင် ပျိုးထောင်ထားရှိသော ပျိုးပင်ပေါင်း (၁၂၀၀၀၀)ရှိရာ ရုံးဌာနများ၊ ကျောင်းများ၊ ဒေသခံပြည်သူများ၊ သစ်ပင်စိုက်ပျိုးလိုသူများအား စိုက်ပျိုးနိုင်ရန် (အခမဲ့) ဖြန့်ဝေပေးပြီးသော ပျိုးပင်ပေါင်း (၅၃၈၀၀)ပင် ဖြန့်ဝေပေးပြီးဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)