မယ်စဲ့ ဇွန် ၁၄
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျန်းမာကြံ့ခိုင်သော ကလေးငယ်များ မွေးဖွားလာစေရေးနှင့် မွေးဖွားပြီးစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ရောဂါဘယကင်းရှင်းစေရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက် ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ထိုးနှံခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများဖြစ်သည့် ဒေါ်ချိုမာ၊ ဒေါ်မေးဘာ၊ ဒေါ်သန်းရွှေ၊ ဦးဗျားရယ်တို့က တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ နမ့်မန်းကျေးရွာ၊ ဟိုစဲ့(ရှမ်း)၊ ဟိုစဲ့(ကရင်)ကျေးရွာ၊ ဝမ်ကန်ကျေးရွာတို့မှ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်း၊ မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မေးခိုင်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေးစသည့် ထိုးဆေးနှင့် သောက်ဆေးတို့ကို တိုက်ကျွေး၊ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်