ကျွန်းလှမြို့နယ်၌ ထိုင်ဝမ်ပြောင်းချို စိုက်ပျိုးသူများ ဈေးကောင်းရရှိ၍ အဆင်ပြေ

ကျွန်းလှ ဇွန် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံများကို ရေတင်စိုက်ပျိုးကြပြီး ထိုင်ဝမ်ပြောင်းချို စိုက်ပျိုးသူများ ဈေးကောင်းရရှိကြ၍ အဆင်ပြေ‌ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ထိုင်ဝမ်ပြောင်းချိုကို (နွေ၊ မိုး၊ ဆောင်း) ရေတင်ပြီး တစ်နှစ်ပတ်လုံးစိုက်ပျိုးပါတယ်။ (၀ ဒသမ ၂၅) ဧကစိုက်ရင် မျိုးဖိုး၊ ထွန်ယက်ခ၊ မြေဩဇာဖိုး၊ ဆေးဖိုး၊ လုပ်အားခအပါဝင် ငွေကျပ်တစ်သိန်းခန့်ကုန်ကျပါတယ်။ ပြောင်းတစ်ခင်း ပြောင်းဖူး (၁၅၀၀)ခန့်ထွက်ရှိပြီး အဖူးကြီးရင် ငွေကျပ် ၂၅၀၊ အဖူးသေးရင် ငွေကျပ် ၂၀၀ ရောင်းရပါတယ်။ အရင်က တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသော်လည်း ပြောင်းဖူးဈေးကောင်းတော့ တိုးချဲ့ စိုက်ပျိုးလာကြပါတယ်။ ပြောင်းစိုက်ရာမှာ ကုန်ကျစရိတ်သက်သာပြီး မိသားစုအတွက် ဝင်ငွေရရှိသလို ပြောင်းရိုးကိုလည်း ကျွဲ၊ နွားစာအဖြစ် အသုံးပြုရတဲ့အတွက် စိုက်ပျိုးသင့်ပါတယ်”ဟု ပြောင်းစိုက်တောင်သူ ဦးဌေးမောင်က ပြောသည်။

ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်း အဓိကထားလုပ်ကိုင်ပြီး စပါးအပြင် ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးကြကြောင်း၊ ထိုင်ဝမ်ပြောင်းချိုကို ချောင်း၊ မြောင်းနှင့် မြေအောက်ရေရရှိသော ကျေးရွာများ၌ စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)