မြောင်းမြ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် စာပေဝါသနာရှင် အများပြည်သူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် အ.လ.က(၄)ကျောင်းသို့ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတရသစာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ စာဖတ်သူများ လက်ဝယ်သို့ သွားရောက်ငှားရမ်း ပေးခဲ့ကြသည်။
စာပေကိုချစ်မြတ်နိုးပြီး စာပေနှင့်မဝေးကွာလိုသူတို့ အဆင်ပြေစေရေး၊ ပြည်သူများ အချိန်မကုန် မပင်ပန်းစေဘဲ အဆင်ပြေပြေငှားရမ်းနိုင်ရေးနှင့် စာပေလေ့လာနိုင်ရေးတို့အတွက် Mobile Library Bus ဖြင့် ကျေးရွာများ၊ ကျောင်းများ၊ ဌာနဆိုင်ရာရုံးများအရောက် စာအုပ်စာစောင်များ ငှားရမ်းပေးရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ဝတ္ထု ၊ မဂ္ဂဇင်း ၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ ရသစာအုပ် စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)