မိုးညိုမြို့နယ်တွင် ယိုမျိုးစုံပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

မိုးညို ဇွန် ၁၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနနှင့် သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ယိုမျိုးစုံပြုလုပ်နည်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းအုပ်စု၊ သပြေပင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းမေက သင်တန်းဆင်းအမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းခိုင်က ယခုဖွင့်လှစ်ပေးခဲ့တဲ့ ယိုမျိုးစုံသင်တန်းမှ ရရှိတဲ့အတွေ့အကြုံများနှင့် အဆင့်မြင့်ပညာများ ဆက်လက်သင်ယူနိုင်ရေး၊ အသေးစား စားသောက်ကုန်လုပ်ငန်းရှင်များ ဖြစ်နိုင်ပါစေကြောင်းနှင့် သင်တန်းဖွင့်လှစ် ပေးမှုများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ယိုမျိုးစုံပြုလုပ်နည်း သင်တန်းတက်ရောက်ခဲ့သော သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ သင်တန်းပို့ချပေးခဲ့သော နည်းပြဆရာမများအား လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းနှင့် သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ကိုမင်း