ဖားကန့် ဇွန် ၁၄
ဥရုချောင်းရေများ ဝင်ရောက်ခဲ့သည့် ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန်မြို့အတွင်းမှ မြေနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများအား ယမန်နေ့ နံနက် (၁၀)နာရီခွဲအချိန်ခန့်က ထမင်းထုပ်နှင့် ရေသန့်ဘူးများကို အသီးသီး လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထမင်းထုပ်နှင့် ရေသန့်ဘူးများဝေငှပေးရာတွင် ဖားကန့်မြို့ပေါ် မြေနိမ့်ပိုင်း ရပ်ကွက်များဖြစ်ကြသည့် ငှက်ပျောတောရပ်ကွက်၊ မြို့မရပ်ကွက်နှင့် မရှီကထောင်ရပ်ကွက်များ၌ ဥရုချောင်းရေများ ဝင်ရောက်ခဲ့သည့် လူနေအိမ်များအား မြို့နယ်ဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင် ဦးဆောင်သည့်အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ကွန်းဖောင်ဒေးရှင်းအဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး အဖွဲ့များခွဲ၍ ထမင်းထုပ်နှင့် ရေသန့်ဘူး(၂၀၀၀)အား အသီးသီး လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်၌ ဖားကန်မြို့ပေါ်အတွင်း ဥရုချောင်း ရေဝင်ရောက်မှုသည် ငှက်ပျောတောရပ်ကွက်တွင် (၃)ပေခွဲခန့်၊ မြို့မရပ်ကွက်တွင် (၄)ပေခန့်နှင့် မရှီကထောင်ရပ်ကွက်တွင် (၃)ပေခန့်ကျန်ရှိနေပြီး၊ ဥရုချောင်းရေသည် မြို့လယ်ခေါင်ရှိ ကျောက်စိမ်းတောင် သံဘောင်တံတားအောက်တွင် (၅)ပေခန့်နှင့် မရှီကထောင် ကြိုးတံတားအောက်တွင် (၁)ပေခန့် ချောင်းရေအတက်အကျမရှိဘဲ ရပ်တန့်စီးဆင်းလျက်ရှိကြောင်း သိရသည်။
မိုးသန္တာဦး(ပြန်/ဆက်)