အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပဒါန်းတပ်နယ် ပြစ်မှုကျူးလွန်မှု မရှိသော (PDF) သင်တန်းဆင်း အလင်းဝင်ရောက် လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်း လက်ခံပွဲ အခမ်းအနား ကျင်းပ

မကွေး ဇွန် ၁၄

ပြစ်မှုကျူးလွန်မှုမရှိသော(PDF)သင်တန်းဆင်း အလင်းဝင်ရောက် လာသူများအား မိဘ အုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ကျင်းပရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပဒါန်းတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးသန့်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလင်းဝင် ရောက်လာသည့် လူငယ်များနှင့် မိဘအုပ်ထိန်းသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဒါန်းတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးသန့်က ပြစ်မှုကျူးလွန်မှု မရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသည့် လူငယ်များအား ရပ်ရွာတည်ငြိမ်အေး ချမ်းသာယာရေးကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက် သွားကြရန်နှင့် လွတ်လပ်စွာ နေထိုင်သွားလာလုပ်ကိုင် ဆောင်ရွက်ကြရန် ဆုံးမဩဝါဒစကား ပြောကြားပြီး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက အမှားအမှန် ခွဲခြားပြီး အလင်းဝင်ရောက်လာသူ လူငယ်(၉)ဦးအား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ မိမိတို့၏အသက် မွေးဝမ်းကြောင်းဆိုင်ရာ ကိစ္စရပ် များကို လေ့လာလိုက်စားရန်၊ လူငယ်များရဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး အတွက်လည်း ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် တည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ငဖဲမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးက နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် လူငယ်များ အနေဖြင့် မိမိဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးစားဆောင်ရွက်ကြရန် ဆုံးမဩဝါဒ စကားပြောကြားပြီး၊ ပြစ်မှုကျူးလွန်မှု မရှိသော(PDF) သင်တန်းဆင်း အလင်းဝင်ရောက်လာသည့် အမျိုးသား(၉)ဦး တို့အား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ တာဝန်ရှိသူများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးလွှဲပြောင်း ပေးအပ်ခြင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ PDF သင် တန်းဆင်း အလင်းဝင်ရောက်လာသူ လူငယ်(၉)ဦးအား တစ်ဦးချင်းအတွက် ထောက်ပံ့ငွေကျပ် တစ်သိန်းစီကို တာဝန်ရှိသူများက ထောက်ပံ့ ပေးအပ်ခဲ့ရာ လူငယ်များက လက်ခံရယူခဲ့ပြီး လူငယ်များ၏ မိဘအုပ်ထိန်းသူများကိုယ်စား ပဒါန်း ကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးအော်က ကျေးဇူးတင် ဝမ်းမြောက်စကား ပြန်လည် ပြောကြားခဲ့ ကြောင်း သိရသည်။

မောင်ညီညာ