ဂန့်ဂေါ စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေများ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများ ကုစားပေးနိုင်ရန်အတွက် ကျေးရွာ (၁၀)ရွာရှိ မိသားစုဝင်များ ဝင်ငွေရရှိစေရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ကွမ်းဇဲကျေးရွာတွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး သွားပြီဖြစ်သောကြောင်း သိရသည်။
အဆိုပါကွမ်းဇဲကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း အရှည်ပေ (၂၄၀၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၈)လက်မရှိ ကျေးရွာတွင်းလမ်းခင်းခြင်း၊ လမ်းမကြီးဘေး ဝဲ၊ ယာတွင် အရှည်ပေ(၇၁၀၀)ပေ၊ အကျယ် ၁ ပေ ၆ လက်မ၊ အနက် ၁ ပေ ၆ လက်မရှိသော ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို ကျေးရွာပြည်သူများ၏ လုပ်အားဖြင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့လုပ်ငန်းပြီးစီးမှုအခြေအနေအား ဂန့်ဂေါခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းအောင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ပိုင်စိုး နှင့် တာဝန်ရှိသူများတို့သည် ယမန်နေ့က သွားရောက်စစ်ဆေးခဲ့ပြီး ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည့်အတွက် ယခင်ကခက်ခဲခဲ့သည့် ရေစီးရေလာစနစ်နှင့် လမ်းပန်းဆက်သွယ်မှုများ အဆင်ပြေလွယ်ကူသွားကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)