ဘားအံ ဇွန် ၁၃
အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)တွင်ဖွင့်လှစ်သော သက်မွေးပညာရပ်ဆိုင်ရာ ကာလတို သင်တန်း အပတ်စဉ်(၂/၂၀၂၂) အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်းနှင့် ဆံပင်ညှပ်သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က အဆိုပါသင်တန်းကျောင်း နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် စာတွေ့လက်တွေ့သင်ခန်းစာများကို ကြိုးကြိုးစားစားလေ့လာသင်ယူမှတ်သားခဲ့မည်ဆိုပါက ခိုင်မာသည့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်နိုင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်း၊ သင်ယူရရှိခဲ့သည့် အသိပညာ၊ ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို အသုံးချပြီး မိမိတတ်ကျွမ်းခဲ့သည့် ပညာရပ်များဖြင့် မိမိဒေသအကျိုး၊ မိမိရပ်ရွာအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်းတွင် ထူးချွန်ဆုရရှိသူများ ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက ဆံပင်ညှပ်သင်တန်းတွင်ထူးချွန်ဆု ရရှိသူများကိုလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က သင်တန်းဆင်းအောင်လက်မှတ်များ ကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးက သင်တန်းနည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြု မှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် သင်တန်းဆင်း သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ စုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းဆင်းလက်ရာ များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့သင်တန်းဆင်းပွဲတွင် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်း၌ သင်တန်းသား ၂၀ ဦး၊ ဆံပင်ညှပ်သင်တန်း၌ သင်တန်းသား ၇ ဦးတို့သင်တန်းဆင်းခဲ့ကြပြီး မေလ ၁၇ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့ထိ သင်တန်းတက်ရောက်အောင်မြင်ခဲ့၍ ယနေ့သင်တန်းဆင်းခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)