တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးအတွင်း သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ရေပေးဝေရေးလုပ်ငန်းသဘောတူစာချုပ် (မူကြမ်း)များ စိစစ်ရေးအဖွဲ့သို့ လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနားတက်ရောက်

ထားဝယ်  ဇွန် ၁၃

မြိတ်မြို့ ရေပေးဝေရေးစီမံကိန်းအား BOT စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအတွင်း သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ရေပေးဝေရေးလုပ်ငန်း သဘောတူစာချုပ် (မူကြမ်း) များစိစစ်ရေးအဖွဲ့သို့ လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူအားလုံး ရေကောင်းရေသန့်နှင့်သောက်သုံးရေသည် အဓိကလိုအပ်လျက်ရှိကြောင်း၊ မြိတ်မြို့နယ်ရှိ ရေအရင်းအမြစ်ကနေဖြန့်ဝေ လိုက်မည်ဆိုပါက ရေကောင်းရေသန့်ရရှိမည့်အပြင် လူ့စွမ်းအားအရင်းအမြစ်များ၊ စက်မှုလက်မှုလုပ်ငန်းများ အောင်မြင်တိုးတက်လာမှာဖြစ်ကြောင်း၊ ရေပေးဝေရေးနှင့်ပတ်သက်၍ ယခင်က ဆောင်ရွက်ထားရှိသော်လည်း အကြောင်း အမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရကြောင်း၊ ကုမ္ပဏီများအနေဖြင့်လည်း လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်လိုအပ်ပြီး တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ယခုရှင်းလင်းဆွေးနွေးပွဲ၏ ရလဒ်များအပေါ်တွင် မည်ကဲ့သို့လုပ်ကိုင် ဆောင်ရွက်ရမည်ကို အဖြေတစ်ခုရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးလှသန်းမှ စီမံကိန်းနှင့်ပတ်သက်၍လည်းကောင်း၊ တာဝန်ရှိသူများက စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် စားကျက်မြေပယ်ဖျက်ခွင့် ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း၊ စီမံကိန်းဧရိယာ အတွင်း ပါဝင်သည့်မြေနေရာများနှင့်စပ်လျဉ်း၍ မြေလွတ်၊ မြေလပ်၊ မြေရိုင်းလုပ်ပိုင်ခွင့်နှင့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လျှောက်ထားမှုများအပေါ် စိစစ်ဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ အခွန်ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)