ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တည်ဆောက်ခဲ့သော ရှေးဟောင်းသမိုင်းဝင် ဟင်္သာကုန်းစေတီတော်မြတ်ကြီး ဓာတ်‌လှေကား ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူး  ဇွန်  ၁၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တည်ဆောက်ခဲ့သော ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီး ဓာတ်လှေကားဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က အဆိုပါ စေတီတော်မြတ်ကြီး တောင်ဘက်မုခ်ရှိ ဓာတ်လှေကားရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပဲခူးမြို့ရှိ ရှေးဟောင်း သမိုင်းဝင်ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ သက်တော်ကြီးရင့်သည့် ဆရာတော်ကြီးများ၊ သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းသူများ အဆင်ပြေစွာ ဖူးမြော်ကြည်ညိုနိုင်ရန် ရည်ရွယ်၍ ဓာတ်လှေကား တည်ဆောက်ပေးရခြင်းဖြစ်ကြောင်း၊ ဘုရားဖူးလာ ပြည်သူများမှ ဓာတ်လှေကား အသုံးပြုရာမှာလည်း စည်းကမ်းရှိရှိ အသုံးပြုကြရမှာဖြစ်သလို စေတီတော်ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဓာတ်လှေကား ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတိုးတိုး က ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီး ဓာတ်လှေကား တည်ဆောက်ခဲ့သည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဟင်္သာကုန်းစေတီတော်မြတ်ကြီး ဓာတ်လှေကားနှင့် ပတ်သက်သည့် မှတ်တမ်းများအား ဂေါပကအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ဂေါပကအဖွဲ့ဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့်ဟင်္သာကုန်း စေတီတော်မြတ်ကြီး ဓာတ်လှေကားအား တိုင်းတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ်နှင့် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ် တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ဓာတ်လှေကား မော်ကွန်းကျောက်စာအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ ဩဝါဒစရိယဆရာတော်ကြီးများမှဇယန္တော ဗောဓိယာမူလေအောင်ဂါထာရွတ်ဆို၍ ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု မြို့မစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဂန္ဓမာထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဩဝါဒစရိယ ဆရာတော်ကြီးများက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်သဇ္ဈာယ်တော်မူကြသည်။ ထို့နောက် ဝန်ကြီးချုပ်မှ ဩဝါဒစရိယဆရာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အလှူရှင်များကိုယ်စား  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဂေါပကအဖွဲ့ထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)