ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဒေးဒရဲ ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ခြင်ပေါက်ပွားမှု လျော့နည်းစေရန် ရည်ရွယ်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများအား ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက မေလ ဒုတိယပတ်မှစတင်၍ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာခွဲများအရောက် အဖွဲ့များခွဲ၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် နေအိမ်များ၊ ဌာနဆိုင်ရာ ရုံးများအတွင်း အဘိတ်ဆေးခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ရှင်းလင်းခြင်း၊ စာသင်ကျောင်းများတွင် ကျောင်းကော်မတီ အဖွဲ့များနှင့်ပူးပေါင်းပြီး စာသင်ခန်းများနှင့် ကျောင်း၀န်းအတွင်း ခြင်ခိုအောင်းမှုမရှိစေရန် ရေလှောင်ကန်များ၊ ရေပုံးများ၊ ရေမြောင်းများ၊ မိုးရေ၀င်နိုင်သည့် အိုးခြမ်းပဲ့၊ တာယာကွင်း၊ ဘုရားပန်းအိုး စသည့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲများအား အရှိန်အဟုန်မြှင့် စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေဒေးသူ