ပန်းတနော်မြို့နယ်၌ ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးခြင်းမပြုလုပ်ရန် အသိပညာပေး ပိုစတာစိုက်ထူ

ပန်းတနော် ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်အတွင်းရှိ ရေကြီးကွင်း ရေနက်ကွင်းများနှင့် မြစ်ချောင်းအင်းအိုင်များတွင် ငါးသယံဇာတ ပြုန်းတီးမှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် "သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးရေး ငါးသယံဇာတထိန်းသိမ်းပေး တားမြစ်ချက်များ"နှင့် "ငါးရစ်ငါးသန် ဘေးမဲ့ချန် ပုံမှန်စားသုံး မျိုးမသုဉ်း" အသိပညာပေး မြေစိုက်ပိုတာများကို အင်းမကျေးရွာ ရန်ကုန်- ပုသိမ် ကားလမ်းဘေးတွင် စိုက်ထူခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ မြေဆိုင်းဘုတ်များ စိုက်ထူရာတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်းနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ အင်းလုပ်သားများက ပူးပေါင်းပါဝင် စိုက်ထူခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)