ဟင်္သာတ ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ခရိုင်ပြန်ဆက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးတို့ ပူးပေါင်း၍ အားကစားဆိုင်ရာနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်း ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်ယဥ်ဌေးက ယခုလို အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို လည်းကောင်း၊ ဟင်္သာတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံ ဒေါ်မြတ်နိုးသူက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အားကစားကို စိတ်ပါဝင်စားလာစေရန်နှင့် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ သိရှိလာစေရန် အသိပညာပေး ဟောပြောခဲ့ပြီး ခရိုင်ပြန်ဆက် ဦးစီးအရာရှိ ဒေါ်အေးအေးမာက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူငယ်နှင့်ရည်မှန်းချက် အကြောင်း ပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရာသီတုတ်ကွေးနှင့် သွေးလွန်တုတ်ကွေး ကာကွယ်ရေးအတွက် ဆောင်ရန်ရှောင်ရန်များကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ အ.ထ.က ၃ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုဇော်