ဘားအံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ဘားအံ  ဇွန် ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် Mobile Library မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ထိုသို့  Mobile Library မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာအုပ်စာပေဖတ်ရှုမှုဝါသနာပါသူ ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းသား/ သူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများအား အားလပ်ချိန်များတွင် မိမိကြိုက်နှစ်သက သည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဘားအံမြို့ရှိ အိမ်တွင်းမှုသင်တန်းကျောင်းနှင့် ပြည်နယ်သမဝါယမ ဦးစီးဌာနများသို့ ရွေ့လျားစာကြည့်တိုက်  Mobile Library မော်တော်ယာဉ်ဖြင့် ကွင်းဆင်း၍ သုတ၊ ရသစာအုပ်စာစောင်များကို အခမဲ့ငှားရမ်း ပေးခဲ့ကြောင်း သိရှိရသည်။

ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရွေ့လျားစာကြည့်တိုက်စနစ် Mobile Library မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် E-Library Management System Software အသုံးပြု၍ Digital စနစ်ဖြင့် တနင်္လာနေ့မှ သောကြာနေ့အထိ ငှားရမ်းပေးလျက်ရှိပြီး စာဖတ်ပရိသတ်တစ်ဦးလျှင် (၂) အုပ်နှုန်းဖြင့် (၂) ပတ်အထိ ငှားရမ်းဖတ်ရှုပြီး (၂) ပတ်ပြည့်ပါက စာအုပ်အသစ်ဖြင့် လဲလှယ်ငှားရမ်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)