ကျွန်းလှမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်

ကျွန်းလှ ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးရာသီဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စု‌ပေါင်းရုံး၌ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ပိုးလောက်လန်းများ မပေါက်ပွားနိုင်ရန် ရေ‌သိုလှောင်သည့် အိမ်သုံးပစ္စည်းများ၊ ရေတင်ကျန်နိုင်သည့် စွန့်ပစ်ပစ္စည်းများအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့်အခြေခံပညာကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ