သရက်ချောင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

သရက်ချောင်း   ဇွန်   ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အသေးစား လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်လွင်၊ တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးဟန်ဇော်ထွန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး၊ တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်းက သင်တန်းပို့ချမည့်ဆရာမများ၏ သင်ကြားမှုကို သင်တန်းသူများက စနစ်တကျသင်ယူနိုင်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက သင်တန်း တက်ရောက်လာသော သင်တန်းသူများအား သင်တန်းမှပို့ချပေးမှုများကို ကြိုးစားသင်ယူ၍ သင်တန်းမှပို့ချပေးသော သင်ခန်းစာများအား ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းပညာရပ်အား မိသားစုတစ်ပိုင်တစ်နိုင် အထောက်အကူပြုရန် လက်တွေ့အသုံးချနိုင်အောင် ကြိုးစားသင်ယူ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ခြင်းပြီး သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူးဦးကောင်းမြတ်ထက်က သင်တန်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အဆိုပါသင်တန်းကို ဇွန်လ (၁၃) ရက်မှ (၁၇) ရက်နေ့အထိ၊ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ၊ သင်တန်းသူ (၂၀) ဦးဖြင့် ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအပြီးတွင် အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်းနှင့် ခင်းကျင်းပြသ ထားသော သင်တန်းအထောက်အကူပြုပစ္စည်းအား တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု ခဲ့ကြောင်းသိရသည်။

သားကြီး (သရက်ချောင်း)