ပေါက်ခေါင်း ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ လယ်ယာမြေများတွင် နှစ်စဉ်စိုက်ပျိုးလျက်ရှိသော စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် မြေဆီလွှာများရှိ အာဟာရဓာတ်များ လျော့နည်းသွားလျက်ရှိရာ လည်းကောင်း လိုအပ် အာဟာရဓာတ်များကို ဖြည့်ပေးရန် သဘာဝမြေဩဇာဖြစ်သော သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကို လယ်မြေအတွင်း ထည့်သွင်း ဖုံးအုပ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က လေးကြီးကျေးရွာရှိ တောင်သူဦးတင်လှ၏ လယ်ယာမြေ စိုက်ခင်းတွင် ပြုလုပ်ခဲ့သည်။
သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကို လယ်ယာမြေအတွင်း ထည့်သွင်းစိုက်ပျိုးပါက တစ်ဧကကို မျိုးစေ့ (၄) ပြည်ကြဲပက်ရပြီး၊ မျိုးစေ့ ၁ ပြည်ကို ၂၅၀၀ ကျပ်နှုန်းဖြင့် တစ်ဧကအတွက် ၁၀၀၀၀ ကျပ်သာ ကုန်ကျမည်ဖြစ်သည်။ သစ်စိမ်းမြေဩဇာမျိုးစေ့ကို လယ်မြေအတွင်း ကြဲပက်ပြီး ၁ လခွဲခန့်ကြာသည့်အခါ ထည်ထိုးမြေမြှပ်ပြီး မြေဩဇာအဖြစ် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ကို လယ်ယာမြေအတွင်း ထည်ထိုးမြေမြှုပ်ခြင်း သရုပ်ပြပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမင်းမင်းထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာတောင်သူများက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည်ထိုးမြေမြှုပ်ခြင်းကို ကြည့်ရှုလေ့လာအားပေး ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)