အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်လှစ်

ပြည် ဇွန် ၁၃

ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉:၀၀ နာရီက ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သင်တန်းသား၊ သင်တန်းသူများအား အအေးဗူးများ ဝေငှပေးခဲ့သည်။

ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဦးအောင်မင်းက သင်တန်းသား၊ သင်တန်းသူများကို သင်တန်းအကြောင်းမိတ်ဆက်စကားပြောကြားပြီး ဒုတပ်ဖွဲ့မှူးဦးကြည်လွင်က သင်တန်းသား၊ သင်တန်းသူများအား ရှေးသူနာပြုစုခြင်းအကြောင်း၊ လူနာဆန်းစစ်ခြင်း​အကြောင်းတို့အား သင်ကြားပို့ချခဲ့သည်။

အဆိုပါသင်တန်းတွင် ရှေးဦးလူနာပြုစုခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်း(CPR)၊ ဆို့နင့်ခြင်း၊ အဆိပ်ရှိသောသတ္တဝါများ၏ ကိုက်ခြင်း၊ တုပ်ခြင်း၊ သတိလစ်ခြင်း၊ ဦးခေါင်းဒဏ်ရာ၊ ကျောရိုးတန်းအကြီးဒဏ်ရာ၊ အခြေခံပတ်တီးစည်းနည်းနှင့် PPE ဝတ်စုံဝတ်နည်းစသည့် ဘာသာရပ်များကို သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇွန် ၁၃ ရက်မှ ဇွန် ၁၇ ရက်အထိ ၅ ရက်ကြာမြင့်မည် ဖြစ်ကြောင်းသိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့မှ နည်းပြများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ကိုစိုး