သနပ်ပင် ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ သနပ်ပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သနပ်ပင် မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းနှင့် စိုက်ပျိုးရေးအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ သရက်ပင်ကိုင်း ဆက်စိုက်ပျိုးခြင်း၊ ကြက်သားဖောက်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ကျူချောင်း၊ မင်းရွာတာဝ၊ မင်းရွာကျောင်းစု ကျေးရွာများ၌ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်က အဖွင့်အမှာ စကားပြောကြားပြီး စိုက်ပျိုးရေး ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် အချက်အလက်များကို ပညာပေးဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုအပေါ် ပြန်လည် ရှင်းလင်း ဆောင်ရွက်ခဲ့သည်။
ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြက်သားဖောက်ခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ သရက်ပင်ကိုင်းဆက် စိုက်ပျိုးခြင်း များကို လက်တွေ့သရုပ်ပြကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
လှမိုး (ပြန်/ဆက်)