သာယာဝတီ ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မီးသတ်စခန်းအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ချက်ခြင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် အသင့်စုဖွဲ့ ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်စု အင်အားစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူ၊ယာဉ်နှင့် လုပ်ငန်းသုံး ပစ္စည်းကိရိယာများ ကြံ့ခိုင်ကောင်းမွန်အဆင်သင့်အတွက် စုဖွဲ့လေ့ကျင်းခြင်းကို ယနေ့နံနက် ၇ နာရီက မြို့နယ်မီးသတ်စခန်းရှေ့ကွင်းပြင်ကျယ်တွင် စုပေါင်းလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုဖွဲ့လေ့ကျင့်မှုအား မြို့နယ်မီးသတ်(ခေတ္တ)ဦးစီးမှူး ဦးသိန်းနိုင်ဦးဆောင်၍ ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာန ရုံးဝင်းအတွင်း၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ သုံးဆယ်မြို့ နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် စုပေါင်း လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မိုးရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အပြင် လက်ရှိအချိန်တွင်လည်း မုတ်သုံလေများကြောင့် မုန်တိုင်းများဖြစ်ပေါ်ကာ မကြာခဏ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းများကြောင့် ရုတ်တရက် ရေကြီးမှုများနှင့်အတူ သစ်ပင်များ ပြိုလဲ၍ လူနေအိမ်နှင့် အခြားအဆောက်အဦများ ထိခိုက်ပျက်စီးခြင်း၊ အများပြည်သူ သွားလမ်းမကြီးများပေါ် သစ်ပင်လဲကျပိတ်ဆို့ခြင်း၊ လေဘေးဒဏ်ကြောင့် လူနေအိမ်များနှင့် အခြားအဆောက်အဦများ အမိုးလန်ပျက်စီးခြင်း၊ ပြိုကျခြင်း အစရှိသည်တို့ မကြာခဏ ဖြစ်ပေါ်လျက်ရှိသဖြင့် မီးသတ်ဦးစီးဌာနအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အတွင်းသဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါကချက်ခြင်း တုံ့ပြန်ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
သန့်ဇော်