ဂန့်ဂေါမြို့ သာသနာ့ဗိမာန်တော် ထိန်းသိမ်းပြုပြင်မည်

ဂန့်ဂေါ ဇွန် ၁၃

ဂန့်ဂေါမြို့ ရွှေပြည်ဆိပ်ဦးစေတီတော်အနီးတွင် ဆောက်လုပ်ထားသည့် သာသနာ့ဗိမာန်တော် အဆောက်အအုံကို ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် လိုအပ်သည့်ပြုပြင်မှုများ ဆောင်ရွက်ရန် ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သာသနာ့ဗိမာန်တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့မှ စီစဉ်ဆောင်ရွက် လျက်ရှိသည်။

ယခုအချိန်တွင် သာသနာ့ဗိမာန်တော် အဆောက်အအုံ၌ မိုးရေယိုခြင်း၊ ခိုဝင်ပေါက်များမှ ခိုများဝင်၍ ခိုချေးများဖြင့် ညစ်ပတ်ပေကျံနေခြင်းတို့အပေါ် ရှင်းလင်းဆောင်ရွက်သွားမည့်အပြင် လိုအပ်သည်များ ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သာသနာ့ဗိမာန်တော်အဆောက်အအုံကို ၁၉၉၉ ခုနှစ်က စေတနာရှင်ပြည်သူများ၏ စုပေါင်းအားဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်က ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့သည်။ သာသနာ့ဗိမာန်အဆောက်အအုံတွင် ဘာသာရေးဆိုင်ရာ အခမ်းအနားများ၊ ပါဠိပထမပြန်စာမေးပွဲများ၊ မင်္ဂလာစာမေးပွဲများ၊ သံဃာအစည်းအဝေးများ၊ ဓမ္မသဘင်များ၊ စာပေဟောပြောပွဲများ စသည်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

တောင်သားမောင်သန်း