ဖျာပုံ၌ ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဖျာပုံ  စက်တင်ဘာလ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၄ အချိန်တွင် ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ ပြုလုပ်သည်။

ရှေ့ဦးစွာ ကိုဗစ် -၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ နယက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေက ဖျာပုံမြို့တွင် ကိုဗစ်ရောဂါပိုးတွေ့ လူနာတစ်ဦးရှိလာ၍ ရောဂါထိန်းချုပ်ရေးအတွက် တုံ့ပြန်မှုများ ချက်ချင်းလုပ်ဆောင်ရန်နှင့် စနစ်တကျ ကိုင်တွယ်မှုလိုအပ်ကြောင်း ဖျာပုံမြို့သည်ရန်ကုန်နှင့် အနီဆုံးဖြစ်ပြီး ရခိုင်မှ လူများဝင်ရောက်နေခြင်း ရန်ကုန်တွင် အလုပ်လုပ်နေသော လူငယ်များရှိသဖြင့် ရောဂါဖြစ်လျှင် နောက်ကြောင်း ပြန်လိုက်ရသည်မှာ ခက်ခဲ၍ မြို့ဝင်ဂိတ် ဝင်ပေါက်များတွင် စစ်ဆေးရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။

ထိုနောက် ဒေါက်တာဇင်မာစိုးက ဖျာပုံ၌ ရောဂါပိုးမတွေ့ခင် ကတည်းက PPE ဝတ်စုံဝတ်နည်း၊ swab ယူနည်းများသင်တန်း ၄ ရက်ပေးထားကြောင်း ယခုအခါ ပိုးတွေ့လူနာနှင့် ဆက်စပ်သူ ၇ ဦးအား swab ယူပြီး NHL သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း swab ယူရာတွင်ဆေးရုံအနေနဲ့ အတတ်နိုင်ဆုံး လုံခြုံအောင်ဆောင်ရွက်ထားကြောင်းနှင့် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းစိုးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ လိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အဆင့် ကိုဗစ်ကော်မတီဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် မြို့မိ မြို့ဖများက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

လှလှနွယ်(ပြန်/ဆက်)