ကလိန်အောင် ဇွန် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ရာသီပေါ်ထွက်ရှိသည့် ပတ္တမြားငမောက် သရက်သီးမှာမနှစ်ကထက် ဈေးကောင်းမရ၍ အဆင်မပြေဖြစ်နေကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။
မနှစ်ကတွင် ပတ္တမြားငမောက် သရက်သီးဈေးမှာ အရွယ်အစားလိုက် တစ်လုံးကို ငွေ ၁၀၀၀၊ ၁၅၀၀၊၂၀၀၀ ကျပ်ဖြင့် ရောင်းချရပြီး ဒီနှစ်ဈေးမှာ တစ်လုံးကို ငွေ ၁၀၀၀၊ နှစ်လုံးကို ငွေ ၁၅၀၀ ကျပ်ပဲ ရရှိတယ်ဟု အဆိုပါ သရက်သီးစိုက်ပျိုးသူတစ်ဦးကပြောသည်။
"ဒီနေကျတော့ ရာသီဥတုကြောင့် အသီးထွက်ကလည်း နည်းတယ် အသီးမတင်ဘူး၊ ပြီးတော့ စက်သုံးဆီဈေးကလည်း တက်လာတယ်၊ တခြားမြို့နယ်တွေကလည်း လာဝယ်တာလဲ မရှိဘူး၊ ကိုယ်တိုင်သွားပြီးရောင်းချဖို့ကလဲ တွက်ချေမကိုက်ဘူး၊ ဒါကြောင့် ရတဲ့ဈေးနဲ့ပဲ မြို့ပေါ်မှာ ရောင်းရတယ်"ဟု၎င်းကဆက်လက်ပြောသည်။
အဆိုပါ သရက်သီးကို အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးကြပြီး ထွက်ရှိလာသည့် ပတ္တမြားငမောက် သရက်သီးမှာ စားသုံးသူတို့အတွက်လည်း ကျန်းမာရေးနှင့် ညီညွတ်ကြောင်းသိရသည်။ ပတ္တမြား ငမောက်သရက်သီး စိုက်ပျိုးရာတွင် တစ်ဧကကို ငွေ (၇) သိန်းခန့် ကုန်ကျကာ အသီးထွက်နှုန်း မှာ တစ်ဧကကို အလုံးရေငါးထောင်ခန့်ထွက်ရှိကြောင်းသိရသည်။ ကလိန်အောင်မြို့တွင် ပတ္တမြားငမောက်သရက်သီးအပင် စိုက်ပျိုးဧကမှာ (၃၂)ဧကခန့်ရှိကြောင်း ကလိန်အောင်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခင်ခင်လဲ့(ပြန်/ဆက်)