မိုးညို ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ဇောတိကရပ်ကွက်ရှိ အထက (မိုးညို)တွင် ကျောင်းမုန့် စျေးတန်း ရောင်းချသူများအား ကျောင်းသား၊ ကျောင်းသူများ အစားအသောက် ဘေးကင်းလုံခြုံရေးအတွက် စစ်ဆေးခြင်းနှင့် အသိပညာပေး ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက၊ ကျောင်းအုပ် ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ နှင့်အတူ ကျောင်းမုန့်စျေးတန်း ရောင်းချနေသည့် စျေးဆိုင်ခန်းများတွင် ရောင်းချလျက်ရှိသော အစားအသောက်များအား ကုန်ညွှန်းအမှတ်အသားများနှင့် အညီရောင်းချခြင်းရှိ၊ မရှိ ကျန်းမာရေးနှင့် ညီညွတ်သော လတ်ဆတ်သည့် အစားအစာများ ရောင်းချခြင်းရှိ၊ မရှိတို့ကိုစစ်ဆေးပြီး သတ်မှတ်ထားသော ကုန်ညွှန်းအမှတ်အသားပါသည့် အစားအသောက်များ ရောင်းချရန် အသိပညာပေး ပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုမင်း (မိုးညို)