လေးမျက်နှာမြို့နယ် မိုးကုတ်ကျေးရွာအုပ်စု၊ အောက်စုကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီရွေးချယ်ဖွဲ့စည်း

လေးမျက်နှာ ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မိုးကုတ်ကျေးရွာအုပ်စု အောက်စုကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်း အား (၃)နှစ်ပြည့်ပြီးဖြစ်သောကြောင့် ကျေးရွာကော်မတီအသစ် ပြန်လည်ရွေးချယ်ခြင်းကို ယနေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်သူမှ မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ စီမံကိန်းရည်ရွယ်ချက်များ၊ စီမံကိန်း၏ အကျိုးကျေးဇူးများ၊ ကျေးလက်နေ ပြည်သူများ၏ ရပိုင်ခွင့်နှင့် တာဝန်များ၊ ကျေးလက်ဥပဒေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ခွင့်ရသော အောက်စုကျေးရွာတွင် ဆောင်ရွက်မည့်စီမံကိန်း အကြောင်း နှင့် ရန်ပုံငွေကြီးကြပ်မှုကော်မတီ ရွေးချယ်ရမည့် အချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ရပ်မိရပ်ဖ များ၊ ကျေးရွာသူ၊ ကျေးရွာသားများမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီဝင်များကို ဆန္ဒမဲစနစ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရွေးချယ်ပေးကြသည်။ ကျေးရွာနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ မိသားစု တစ်ပိုင် တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် လိုအပ်သည့် ငွေအရင်းအနှီးများ ရရှိစေရန် ရည်ရွယ်၍ အဆိုပါစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

လေးမျက်နှာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာနှစ်တွင် စီမံကိန်းကျေးရွာ ၁၂ ရွာအထိ ရှိလာပြီဖြစ်ပြီး ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)