ကရင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ(ပထမအကြိမ်)သစ်ပင်စိုက်ပွဲကျင်းပ

ဘားအံ ဇွန် ၁၃

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ကရင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ မိုးရာသီပြည်နယ်အဆင့်သစ်ပင်စိုက်ပွဲ(ပထမအကြိမ်)ကို ဇွန်လ ၁၁ ရက်နေ့ နံနက် ၈ နာရီ ခန့်က ဘားအံမွေးမြူရေးဇုန်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘားအံမွေးမြူ ရေးဇုန်ကြီးကြပ်ရေးကော်မတီဝင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်အတူ ဘားအံမွေးမြူရေးဇုန်အတွင်း လမ်း(၉)လမ်းတစ်လျှောက် စိမ်းလန်းစိုပြေစေရေးအတွက် ငုရွေဝါ၊ စိန်ပန်း၊ မဟော်ဂနီ၊ ပိတောက်၊ ကျွန်း၊ ရေတမာ၊ ပျဉ်းကတိုး၊ ပျဉ်းမ၊ ယမနေ သစ်မျိုး(၉)မျိုးကို လမ်းတစ်လမ်းလျှင် တစ်မျိုးစီဖြင့် ၁၅ ပေအကွာအဝေးဖြင့် အပင်ပေါင်း ၂၆၃၁ ပင် ကို စိုက်ပျိုးခဲ့ကြသည်။

ဘားအံမွေးမြူရေးဇုန်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏စီမံလမ်းညွှန်မှုဖြင့် ၂၀၂၁ ခုနှစ်မှစ၍ စတင်ဖော်ဆောင်ခဲ့ရာ မြေဧရိယာ ၁၃၇ ဒသမ ၄၆ ဧကတွင် အကွက်ပေါင်း ၁၀၆ ကွက်၌ လုပ်ငန်းရှင် (၈၄)ဦးမှ ဥစားကြက်၊ အသားစား ကြက်၊ နွား၊ ဝက်၊ ဆိတ်၊ သိုး တိရိစ္ဆာန်များကို ခြံစနစ်ဖြင့်မွေးမြူ လျက်ရှိပြီး ယခုစိုက်ပျိုးခဲ့သောအပင်များကို မွေးမြူရေးလုပ်ငန်းရှင်များမှ ရှင်သန်ကြီးထွားအောင် အထူးဂရုပြုထိန်းသိမ်းစောင့်ရှောက်ပေးကြရန် ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ သည်။

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသော အပင်ပေါင်း သုံးသိန်းလေးသောင်းကျော်ကို ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ပြီး မြို့နယ်အဆင့် လေးကြိမ်၊ ခရိုင်အဆင့်နှစ်ကြိမ်၊ ပြည်နယ်အဆင့်သုံးကြိမ်တို့ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် တပျော်တပါး စိုက်ပျိုးပြီးစီးခဲ့ပြီး ဘားအံမြို့နယ်တွင် ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပွဲကို ဇွန်လကုန်တွင် တစ်ကြိမ်၊ ဇူလိုင်လတွင် ၂ ကြိမ် ထပ်မံဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ မွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနညွှန်ကြားရေးမှူးနှင့်ဌာန ဆိုင်ရာတာဝန်ရှိသူများက ဇုန်အတွင်းမြေနေရာချထားပေးမှုအခြေ အနေ၊ လျှပ်စစ်မီး၊ ရေ၊ အဆောက်အဦဆောက်လုပ် ပြီးစီးမှုအခြေအနေနှင့် မွေးမြူထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များ အပေါ်ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမွေးမြူရေးဇုန်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် မွေးမြူရေးလုပ်ငန်းရှင်များ၏ မွေးမြူထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာ ကြားခဲ့သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)