ကျွန်းလှမြို့နယ်၌ မိုးနေကြာ မျိုးသန့်ပွားစံပြကွက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ကျွန်းလှ ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေး၊ ပြည်ပစားသုံးဆီ တင်သွင်းမှုလျော့ချရေး၊ နေကြာမျိုးကောင်း မျိုးသန့်များရရှိစေရန်အတွက် မိုးနေကြာ မျိုးသန့်ပွားစံပြကွက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက ရှမ်းစုကျေးရွာ၊ တောင်သူ ဦးနိုင်၏ ယာမြေ၌ ကျင်းပကြောင်း သိရသည်။

“မိုးနေကြာ မျိုးသန့်ပွားစံပြကွက်စိုက်ပျိုးတဲ့ တောင်သူတွေကို နေကြာမျိုးကောင်း မျိုးသန့်များရရှိရေး၊ အချိန်မီစိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး စတဲ့စိုက်ပျိုးရေးနည်းပညာများ ကွင်းဆင်းပညာပေးလျက်ပါတယ်။  တစ်ဧက ရေဆင်း - ၁ နေကြာမျိုးစေ့ ၃ ကီလို တစ်အိတ်ထောက်ပံ့‌ပေးထားပါတယ်။ ဌာနက နေကြာစိုက်တောင်သူများအား သင်တန်းများဖွင့်လှစ်ခြင်း၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာများဆွေးနွေးခြင်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက  ပြောသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ နေကြာ ၁၇၇၉ ဧကစိုက်ပျိုးရန်လျာထားကြောင်း၊ မိုးနေကြာမျိုးသန့်ပွားစံပြကွက် ဧက ၅၀ နှင့် မျိုးစေ့ထုတ်စံပြကွက် ၁၀ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ