ပွင့်ဖြူမြို့နယ် လျှပ်စစ်ဝန်ထမ်းများအဖွဲ့  မိုးရာသီကာလ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ဓာတ်အားခွဲရုံဝန်းကျင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ပွင့်ဖြူ ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ဦးဆောင်သော လျှပ်စစ်ဝန်ထမ်းများအဖွဲ့က မိုးရာသီကာလ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားခွဲရုံဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်လျှပ်စစ်ရုံးဝန်းအတွင်းရှိ ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မိုးရာသီကာလ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ လျှပ်စစ်မီးအသုံးပြုရာ၌ ဗို့အားပြည့်မီစွာ သုံးစွဲနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားလျော့နည်းပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသော လျှပ်စစ်ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရန် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ဦးဆောင်မှုဖြင့် လျှပ်စစ်လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့က မိုးရာသီကာလ  မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားခွဲရုံဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ရည်ရွယ်ကာ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံဝန်း အတွင်းအပြင်ရှိ ချုံနွယ်များနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်း၊ တံမြက်စည်းလှဲခြင်း၊ အမှိုက်သရိုက်များ ကောက်ယူရှင်းလင်းခြင်း၊ ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )