ဆင်ပေါင်ဝဲမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်

ဆင်​ပေါင်ဝဲ ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့က မြို့အဝင်လမ်း မြို့နယ်အားကစားကွင်းရှေ့တစ်လျှောက်ရှိ ချုံနွယ်များ၊ မြက်များနှင့်အမှိုက်များအားရှင်း လင်းခြင်းများကို ဌာနဆိုင်ရာများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဦးစီးမှူး (ဒုတိယတန်း) ဒေါ်ခိုင်ခိုင်လှနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် သဘာပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်၊ ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်နှင့် ရာသီဥတုကောင်းမွန်မျှတစေရန် ရည်ရွယ်၍ ဆင်ပေါင်ဝဲမြို့အဝင်တွင် နှစ်ရှည်ပင်(၁၀၀)ပင် အား တပျော်တပါး စိုက်ပျိုးခဲ့ကြသည်။

 

ဆက်လက်ပြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့်ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များသို့ တစ်လမ်းဝင်တစ်လမ်းထွက် သွားရောက်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး သွန် လဲ စစ် လုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)