ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ၂၀၂၁ ခုနှစ်တွင် စတင်ဖော်ဆောင်ခဲ့သော ဘားအံ မွေးမြူရေးအား ကြည့်ရှုစစ်ဆေး

ဘားအံ ဇွန် ၁၂

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ဘားအံမွေးမြူ ရေးဇုန်ရှင်းလင်းဆောင်၌ မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍  ၂၀၂၁ ခုနှစ်တွင် စတင်ဖော်‌ဆောင်ခဲ့သော ဘားအံမွေးမြူရေးဇုန်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမွေးမြူရေးဇုန် ရှင်းလင်းဆောင်၌ မွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇုန်အတွင်း မြေနေရာချထားပေးမှု အခြေအနေ၊ လျှပ်စစ်မီး၊ ရေ၊ အဆောက်အဦဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် မွေးမြူထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမွေးမြူရေးဇုန်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့်မွေးမြူရေးလုပ်ငန်းရှင်များ၏ မွေးမြူထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဘားအံမွေးမြူရေးဇုန်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် ၂၀၂၁ ခုနှစ်မှစ၍ စတင်ဖော်ဆောင်ခဲ့ရာ မြေဧရိယာ ၁၃၇ ဒသမ ၄၆ ဧကတွင် အကွက်ပေါင်း ၁၀၆ ကွက်၌ လုပ်ငန်းရှင် (၈၄) ဦးမှ ဥစားကြက်၊ အသားစားကြက်၊ နွား၊ ဝက်၊ ဆိတ်၊ သိုး တိရိစ္ဆာန်များကို ခြံစနစ်ဖြင့် မွေးမြူလျက်ရှိသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ဇွဲကပင်ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား သွားရောက်ဂါရဝပြုတွေ့ဆုံ၍ အာဟာရဖြည့်စွက်အစားအစာများ၊ အသုံးအဆောင် ပစ္စည်းများ၊ ထောက်ပံ့လှူဒါန်းငွေများပေးအပ်ခဲ့ကြရာ အဘိုးအဘွားများက ဆုမွန်ကောင်းများ ပြန်လည်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က ဘိုးဘွားရိပ်သာတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကလေးတိုးချဲ့ မြို့ပြအိမ်ရာစီမံကိန်း ကွပ်ကဲအုပ်ချုပ်မှုကော်မတီရုံး၌ တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြေကွက်များ ဖော်ထုတ်နေရာချထားပေးမှုအခြေအနေ၊ လမ်း၊ တံတား၊ ရေ၊ မီး ရရှိရေးဆောင်ရွက်ပေးနေမှုအခြေအနေ၊ မြို့ပြအင်္ဂါရပ်များနှင့်အညီ ဈေး၊ ပန်းခြံ၊ ယာဉ်ရပ်နားစခန်း၊ စာသင်ကျောင်း စသည့်အဆောက်အဦများ ထည့်သွင်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင် (ကွက်သစ်) တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ လေးခန်းတွဲလေးထပ် အငှားဝန်ထမ်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)