ပွင့်ဖြူမြို့‌နယ် ကံရွာကျေးရွာတွင် ကျေးရွာနေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစေရန် လေးလက်မစက်ရေတွင်းနှင့် ဂါလံ ၅၀၀၀ ဆံ့ ရေလှောင်အုတ်ရေကန် တည်ဆောက်လှူဒါန်း

ပွင့်ဖြူ  ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကံရွာကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ နှစ်စဉ်နွေရာသီကာလ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရ၍ အလှူရှင် ‌ဦးမောင်မောင်ဌေး - ဒေါ်လွင်လွင်မြင့် ( USA ) မိသားစုနှင့် ဆွေမျိုးသားချင်းများက စုပေါင်းပြီး အလှူငွေမတည်လှူဒါန်းကာ ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး လေးလက်မစက်ရေတွင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေလှောင်အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းများ လာရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး နှစ်စဉ်နွေရာသီကာလများတွင် စက်ရေတွင်းမရှိသည့်အတွက် သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရ၍ အလှူရှင် ‌ဦးမောင်မောင်ဌေး - ဒေါ်လွင်လွင်မြင့် ( USA ) မိသားစုနှင့် ဆွေမျိုးသားချင်းများက အလှူငွေကျပ် သိန်း ၅၀ မတည် လှူဒါန်းကာ ကျေးရွာနေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေအုတ်ကန် တည်ဆောက်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကံရွာကျေးရွာမှာ စက်ရေတွင်း မရှိတဲ့အတွက် ကျေးရွာနေပြည်သူတွေ နွေရာသီရောက်ပြီဆိုရင် သောက်သုံးရေ အခက်အခဲ ဖြစ်ရပါတယ်။ ခုတော့ ကျွန်တော်တို့ ကျေးရွာနေပြည်သူတွေ သောက်သုံးရေ ဖူလုံစေရေးအတွက် စက်ရေတွင်းအလှူရှင်များက စုပေါင်းပြီး အလှူငွေကျပ် သိန်း ၅၀ မတည်လှူဒါန်းကာ မနေ့ကပဲ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။ အလှူရှင်ကတော့ ဦးမောင်မောင်ဌေး - ဒေါ်လွင်လွင်မြင့် (USA) မိသားစုနဲ့ ဆွေမျိုးသားချင်းတွေ စုပေါင်းပြီး လှူဒါန်းပေးတာ ဖြစ်ပါတယ်ဗျ။ အလှူရှင်က ကျွန်တော်တို့ ကံရွာကျေးရွာရှိ ဒေသခံပြည်သူတွေ သောက်သုံးရေဖူလုံစေရေးအတွက်  လေးလက်မ စက်ရေတွင်းနဲ့ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းအတွက် လိုအပ်တဲ့ငွေကိုတော့ ကျေးရွာ‌က ပြည်သူလူထုထည့်‌ဝင်ငွေနဲ့ ဖြည့်ဆည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခုလို သောက်သုံးရေ အမှန်တကယ်လိုအပ်တဲ့ ကျွန်တော်တို့ရဲ့ကျေးရွာလေးကို စက်ရေတွင်း တူးဖော်လှူဒါန်းပေးတဲ့ အလှူရှင်မိသားစုနှင့်တကွ စက်ရေတွင်းအလှူရှင်ရရှိအောင် အကျိုးဆောင်ပေးတဲ့ ညောင်ပင်စောက်ကျေးရွာ သာမဂ္ဂီသုခပရဟိတအသင်းက ဦးကျော်ဆန်းကို ကျေးရွာနေပြည်သူများကိုယ်စား ကျေးဇူးတင်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ကံကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )