အုတ်တွင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူ

အုတ်တွင်း ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က လူအသွားအလာများသည့် လမ်းဘေးနေရာများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဆိုင်းဘုတ်စိုက်ထူခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေးအတွက် “ရေစည်၊ရေအိုးတွေကို ခြင်မဝင်နိုင်အောင် ဖုံးထားခြင်း၊ ရေစည်၊ ရေအိုးတွေရဲ့အတွင်းကို တစ်ပတ်တစ်ကြိမ် တိုက်ချွတ်ဆေးကြောပြီး သွန်ခြင်း၊ ဘုရားပန်းအိုး၊ အလှပန်းအိုးတွေကို တစ်ပတ်နှစ်ကြိမ် တိုက်ချွတ်ဆေးကြောပြီး ရေလဲခြင်း၊ ရေရှားတဲ့ဒေသတွေမှာ ပိုးလောက်လန်းတွေကို ရေစစ်နဲ့စစ်ထုတ်ခြင်း” (ဖုံး၊သွန်၊လဲ၊စစ်)စသည့်အချက်များဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အားလုံးပါဝင်ဆောင်ရွက်စေရေးအတွက် ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်းများကို အုတ်တွင်း၊ ကျွဲပွဲ၊ ကျောင်းရှစ်ဆယ်ဇုံများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

ခင်ခင်မာ