ဝေါမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ဝေါ  ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် သွေးလွန်တုပ်ကွေး‌ ရောဂါဖြစ်ပွားမှုမရှိအောင် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး အသိပညာပေး မြေစိုက်ပိုစတာကို ပြည်သူများအလွယ်တကူ လာရောက်လေ့လာ ဖတ်ရှုနိုင်စေရန်အတွက် ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်ဈေးရှေ့၌  စိုက်ထူခဲ့ကြသည်။  

အဆိုပါ အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ခံများ၊ ကျန်မာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက တက်ရောက် စိုက်ထူးပေးသည်။

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး အသိပညာပေး မြေစိုက်ပိုစတာတွင် သွေးလွန်တုပ်ကွေးရောဂါသည် နေ့အချိန်တွင်ကိုက်လေ့ရှိသော ခြင်ကျား ကိုက်ခံရခြင်းကြောင့် ကူးစက်ပါသည်၊ ခြင်မရှိက သွေးလွန်တုပ်ကွေးရောဂါ မကူးစက်နိုင်ပါ၊ ခြင်လောက်လန်းမပေါက်ပွားအောင် ရေစည်၊ ရေအိုးတွေကို ခြင်မဝင်နိုင်အောင် ဖုံးထားမယ်၊ ရေစည်၊ ရေအိုးတွေရဲ့အတွင်းပိုင်းကို တစ်ပတ်တစ်ကြိမ်တိုက်ချွတ်ဆေးကြောပြီး သွန်မယ်၊ ဘုရားပန်းအိုး၊ အလှပန်းအိုးတွေကို တစ်ပတ်နှစ်ကြိမ်တိုက်ချွတ်ဆေးကြောပြီး ရေလဲမယ်၊ ရေရှားတဲ့ဒေသတွေမှာ ပိုးလောက်လန်းတွေကို ရေစစ်နဲ့စစ်ထုတ်မယ်၊ ခြင်ဥများသည် ခြောက်သွေ့သောနေရာတွင်ပင် (၈)လခန့်အထိ အသက်ရှင်နေနိုင်သည့်အတွက် ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများ၏အတွင်းပိုင်းကို သေချာစွာတိုက်ချွတ်ဆေးကြောပါ စသည့် အသိပညာပေးအကြောင်း အရာများကို ပြသထားကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)