ကြို့ပင်ကောက် ဇွန် ၁၁
ကြို့ပင်ကောက်မြို့တွင် ဒေသခံပြည်သူများ သွေးလွန်တုတ်ကွေးရောဂါအကြောင်း အသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်စေရန်အတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် ပြည်သူ့ဆေးရုံရှေ့နှင့် မြို့လယ်နာရီစင် လမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့သည်။
ကြို့ပင်ကောက်မြို့တွင် ယခင်နှစ် မိုးဦးရာသီတွင် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားသူ မရှိခဲ့ကြောင်း ယခုနှစ်မိုးဦးရာသီတွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ အလယ်ကုန်းတိုက်နယ်ဆေးရုံနှင့် အောင်မြင်မြင့်မိုရ် အထူးကုဆေးရုံတို့တွင် သွေးလွန်တုတ်ကွေးရောဂါ အတည်ပြုဖြစ်ပွားသူ ၆ ဦးရှိကြောင်း သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လှုပ်ရှားမှုများဖြစ်သော အဘိတ်ဆေးခတ်ခြင်း၊ ဖုံး သွန် လဲ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းတို့ကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေး၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမြင့်အောင်က ပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)