ရွှေကျင် ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် မြို့မဘောလုံးကွင်းအနီး ကျွဲတဲရပ်ကွက် လမ်းဆုံရှိ ပန်းခြံတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု မရှိအောင် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အားလုံး ပါဝင်ဆောင်ရွက်ပေး မြေစိုက်ပိုစတာကို ပြည်သူများအလွယ်တကူ လာရောက်လေ့လာဖတ်ရှုနိုင်စေရန် စိုက်ထူခဲ့ကြသည်။
အဆိုပါ မြေစိုက်ပိုစတာတွင် သွေးလွန်တုပ်ကွေးရောဂါသည် နေ့အချိန်တွင် ကိုက်လေ့ရှိသော ခြင်ကျားကိုက်ခံရခြင်းကြောင့် ကူးစက်ပါသည်၊ ခြင်မရှိကသွေးလွန်တုပ်ကွေးရောဂါ မကူးစက်နိုင်ပါ၊ ခြင်လောက်လန်း မပေါက်ပွားအောင် ရေစည်၊ ရေအိုးတွေကို ခြင်မဝင်နိုင်အောင် ဖုံးထားမယ်၊ ရေစည်၊ ရေအိုးတွေရဲ့ အတွင်းပိုင်းကို တစ်ပတ်တစ်ကြိမ် တိုက်ချွတ်ဆေးကြောပြီး သွန်မယ်၊ ဘုရားပန်းအိုး၊ အလှပန်းအိုးတွေကို တစ်ပတ်နှစ်ကြိမ်တိုက်ချွတ်ဆေးကြောပြီး ရေလဲမယ်၊ ရေရှားတဲ့ဒေသတွေမှာ ပိုးလောက်လန်းတွေကို ရေစစ်နဲ့စစ်ထုတ်မယ်၊ ခြင်ဥများသည် ခြောက်သွေ့သောနေရာတွင်ပင် (၈)လခန့်အထိ အသက်ရှင်နေနိုင်သည့်အတွက် ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများ၏ အတွင်းပိုင်းကို သေချာစွာတိုက်ချွတ် ဆေးကြောပါ စသည့် အသိပညာပေးအကြောင်းအရာများကို ပြသထားကြောင်း သိရသည်။
ဆက်လက်ပြီး မြေစိုက်ပိုစတာစိုက်ထူပွဲသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်