ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကော့ကရိတ်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး

ဘားအံ ဇွန် ၁၀

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့နယ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စခန်းတာဝန်ခံ အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးဝင်းဆွေက စုပေါင်းစစ်ဆေးရေးစခန်းရှိ ဝန်ထမ်းအင်အား၊ ကုန်သွယ်မှုလမ်းကြောင်းနှင့် ကုန်စည်စီးဆင်းမှုအနေအထား၊ အများဆုံးတင်သွင်း တင်ပို့သည့်ကုန်ပစ္စည်းများ၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအမျိုးသားအဆင့် မဟာဗျူဟာနှင့် နည်းဗျူဟာအပေါ် လိုက်နာဆောင်ရွက်ချက်များ၊ တရားမဝင်ကုန်ပစ္စည်းဖမ်းဆီးရမိမှုအခြေအနေများ၊ လုံခြုံရေးဆောင်ရွက်ထားမှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့နယ် ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပေါ်ရှိ လှိုင်ဝတံတား အရှည် (၃၀၀) ပေ၊ (၄) လမ်းသွား သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်ညိုက တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ကော့ကရိတ်(လှိုင်ဝတံတား)ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)၊ တံတားအထူးအဖွဲ့(၁၄)မှ ပြည်ထောင်စုငွေလုံးငွေရင်း ခန့်မှန်းတန်ဖိုးကျပ် ၃၉၀၉ ဒသမ ၆၄ သန်းဖြင့် အရှည်(၃၀၀) ပေ၊ အကျယ် ၆၁ ပေရှိ (၄)လမ်းသွား သံကူကွန်ကရစ်တံတားအဖြစ် ၂၀၂၄ ခုနှစ်တွင်ပြီးစီးရန် လျာထားတည်ဆောက်လျက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လုပ်ငန်းခွင်အားကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုတင် ၁၀၀ ဆံ့ ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား တစ်ဦးချင်းရောဂါဖြစ်ပွားမှုအခြေအနေ၊ ဆေးဝါးကုသဆောင်ရွက်ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှုအခြေအနေများကို မေးမြန်းအားပေးပြီး အာဟာရဖြည့်စွက် အစားအစာများထောက်ပံ့ပေးအပ်ကာ ခရိုင်ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြု လက်ဆောင်များနှင့် ငွေကျပ်(၃)သိန်းတို့ကို ပေးအပ်ချီးမြှင့်သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)