မြဝတီခရိုင်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မြဝတီ ဇွန် ၁၀

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီး ရေးရာအဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြဝတီခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက ပြည်သူလူထုအတွင်းရင်ဆိုင် ကြုံတွေ့ရသည့် လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်၍ အသိပညာများ ကျယ်ကျယ်ပြန့်ပြန့်ရရှိစေရန် ဆွေးနွေးပွဲပြုလုပ်ရခြင်းကို ဦးစွာရှင်းလင်းပေးပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ဥပဒေရေးရာလေ့လာရေးနှင့် အကြံပြုရေးအဖွဲ့ခေါင်းဆောင် ဒေါ်ကေခိုင်က လူကုန်ကူးမှု ဖြစ်ပေါ်ရခြင်းအကြောင်းရင်းများ၊ လူကုန်ကူးမှုပြဿနာသည် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းပင်ဖြစ်ကြောင်း၊ လူကုန်ကူးမှုအမျိုးအစားများ၊ မိမိတို့အသင်းအဖွဲ့မှ မြို့နယ် ရပ်ကွက်/ကျေးရွာအတွင်း ပြည်သူများလူကုန်ကူးမှုမခံရစေရန် အသိပညာပေးလုပ်ငန်း ဆောင်ရွက်ချက်များကို အသေးစိတ် ဆွေးနွေးပေးသည်။

မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူလူထု အသိပညာ ဗဟုသုတရရှိစေရန်အတွက် ပြည်သူ့အကျိုးပြု အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတစ်ဆင့် စဉ်ဆက်မပြတ် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)