ကဝ ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအသင်း (Woman Club) တို့ ပူးပေါင်း၍ ၁၉၉၈ ခုနှစ်၊ အမျိုးသားစာပေဆုရစာအုပ်၊ စာရေးဆရာလယ်တွင်းသား စောချစ်၏ “ပန်းလိုချင် အပင်ကို ပျိုးတတ်မှ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အမျိုးသမီးအဖွဲ့ (Woman Club)အဖွဲ့ဝင် ဒေါ်သီတာခင်က လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကို ပျိုးတတ်မှ” စာအုပ်တွင်ပါရှိသော နုနုနယ်နယ်ရင်သွေးငယ် ကလေးများကို ကျန်းမာပျော်ရွှင်သော သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင်ရန်၊ ရင်သွေးငယ်များကို နည်းလမ်းတကျ ပြုစုပျိုးထောင်ရန်၊ ပန်းလှလှကို ရလိုလျှင် ဥယျာဉ်မှူးကောင်းဖြစ်ရန် လိုအပ်ကြောင်း၊ ထို့အတူ သားကောင်း၊ သမီးကောင်း ရလိုလျှင် ကိုယ်တိုင်မိဘကောင်းဖြစ်ရန် လိုအပ်ကြောင်း၊ ကလေး၏ သဘာဝ၊ ကလေး၏ဆန္ဒနှင့် မိဘ၏ ဆန္ဒ၊ မိဘ၏ဖြစ်ချင်သည်တို့ကို မျှတအောင်ဆက်စပ်ပေးရန် လိုအပ်ကြောင်းတို့ကို ဦးဆောင်ဆွေးနွေးသွားကာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)