ဒေးဒရဲ ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက် ပြန့်ပွားမှုကို တားဆီးနိုင်ရန်၊ ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှု ရရှိစေရန် ရည်ရွယ်၍ အသက် (၅)နှစ်မှ (၁၂)နှစ်ထိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို မြိုနယ် ကျန်းမာရေးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ မြို့ပေါ်နှင့်ကျေးရွာအုပ်စု (၉၃)အုပ်စုရှိ အခြေခံပညာကျောင်း (၂၁၉) ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂)ကျောင်း၊ စုစုပေါင်း(၂၂၁)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၅၉၄၀)ဦးအား သက်ဆိုင်ရာကျောင်းများတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ပိုင်းကကစတင်ပြီး အခြေခံပညာမူလတန်းကျောင်း(၂) ကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်ကြားရှိ ကျောင်းသား၊ ကျောင်းသူများ (၁၇၀)ဦးအား လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်၍ မိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဒေးဒရဲမြို့နယ်တွင် ကာကွယ်ဆေး ထိုးနှံပြီးစီးသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၃၅၅)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အေဇာလင်း