နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

နတ်မောက်  ဇွန် ၁၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါဈေးအရှေ့ဘက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးသိန်းဌေးက နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေး ဈေးအသစ်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများနှင့်ဈေးရောင်းချသူများ စနစ်တကျရောင်းချနိုင်ခြင်း၊ စည်းကမ်းရှိစွာ သွားလာဝယ်ယူနိုင်ရန်၊ ဈေးအတွင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့မိမြို့ဖဦးခင်မောင်ဆန်းက ဈေးသူ/သားများ ကိုယ်စားမြို့မစည်ပင်သာယာရေး ဈေးအသစ် ပြန်လည်တည်ဆောက်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ ပင်မစစ်လက်နက်ပစ္စည်းတပ်(နတ်မောက်)တပ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်က မြို့မစည်ပင်သာယာရေး ဈေးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး၍ မြို့မစည်ပင်သာယာရေး ဈေးဆိုင်းဘုတ်ရှေ့တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များစုပေါင်းမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး၊ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါမြို့မစည်ပင်သာယာရေး ဈေးဖွင့်ပွဲအပြီးတွင် နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးဖြေဆိုနေသော ကျောင်းသား/သူများကို အားပေးစကားများပြောကြားခဲ့ပြီး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

လှဝင်း (ပြန်/ဆက်)