သာယာဝတီမြို့နယ်အတွင်းမှ ဆီဆိုင်များ စက်သုံးဆီဈေးနှုန်း သင့်တင့်မှန်ကန်စွာ ရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်

သာယာဝတီ ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များ ရောင်းချခြင်း ရှိ/မရှိနှင့် ဈေးနှုန်းသင့်တင့်မှန်ကန်စွာ ရောင်းချနိုင်ရေးတို့ကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၆ ဆိုင် အားစစ်ဆေးရာတွင် လက်ဝယ်တွင် ထားရှိသည့် ဆီပမာဏ၊ မည်မျှသိုလှောင်ထားရှိမှု၊ ပြန်လည် ရောင်းချခြင်း ရှိ/မရှိနှင့် ဈေးနှုန်းသင့်တင့် မှန်ကန်စွာ ရောင်းချနိုင်ရေးတို့ကို စစ်ဆေးခဲ့ကြသည်။ မြို့နယ်စီမံဥက္ကဋ္ဌက မိမိတို့မြို့နယ်အတွင်းမှ ဒေသခံပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် ဆီဆိုင်များအား ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် ဆီဆိုင်များမှာ ဝယ်ယူ‌ရောင်းချသည့် ကုမ္ပဏီများကွဲပြား၍ ဈေးနှုန်းအမျိုးမျိုး ရှိနိုင်သော်လည်း သင့်တင့်မှန်ကန်သော ဈေးနှုန်းများဖြင့် ရောင်းချပေးရေး၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးတို့အတွက် အမှိုက်သရိုက်များ ရှင်းလင်းထားရှိပြီး မီးသတ်ဆေးဗူးများ စနစ်တကျ ထားရှိရေးတို့ကို မှာကြားခဲ့သည်။

သာယာဝတီမြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များ၏ လက်ရှိပျမ်းမျှ ပေါက်ဈေးများမှာ Octane 92 တစ်လီတာ ၂၂၇၀ ကျပ်၊ Octane 95 တစ်လီတာ ၂၃၅၀ ကျပ်၊ Premium Diesel ၂၆၀၀ ကျပ်၊ ရိုးရိုး Diesel ၂၅၈၀ ကျပ်ဖြစ်ကြောင်း မြို့နယ်အတွင်း ရောင်းချနေသော ဆီဆိုင်များမှ သိရသည်။

သန့်ဇော်