မိတ္ထီလာ စက်တင်ဘာ ၇
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၄ ရက်နေ့တွင်ထုတ်ပြန်သော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ်စာရင်းတွင်ပါဝင်သည့် နေပြည်တော် ဥတ္တရသီရိမြို့နယ်နေထိုင်သူ အမျိုးသားတစ်ဦးတက်ရောက်ခဲ့သည့် မိတ္ထီလာဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း စီမံကွပ်ကဲမှု အခြား အဆင့် သင်တန်းသို့ အတူတက်ရောက်ခဲ့သူများ ဖြစ်သောအမျိုးသား၃ဦးနှင့်အမျိုးသမီး ၁ ဦးတို့၏ဓါတ်ခွဲနမူနာအဖြေမှာ ရောဂါပိုး တွေ့ရှိခြင်းမရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီတာဝန်ရှိသူထံက သိရသည်။
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းရှိ ဌာနစု ၈ ခုမှ ဝန်ထမ်းအင်အား ၁၇၈ ဦး၏ ၁ဝရာခိုင်နှုန်းဖြစ်သည့် ဝန်ထမ်း ၁၇ ဦးခန့်၏ ဓါတ်ခွဲ နမူနာများကို မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေး သွားမည်ဖြစ်သည်။ ထိုသို့ပို့ဆောင်စစ်ဆေးရန် မိတ္ထီလာခရိုင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးသက်လွင်၊ မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင် ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုခရိုင်ဦးစီးမှူးဒေါက်တာသန္တာလင်းနှင့် ဗဟိုပို့ဆောင်ဆက် သွယ်ရေး ကျောင်းတာဝန်ရှိသူများနှင့် ယမန်နေ့တွင် တွေ့ဆုံညှိနှိုင်းဆွေးနွေး၍ ဆောင်ရွက်ခြင်း ဖြစ်သည်။ ယမန်နေ့ တွင် အမျိုးသားဝန်ထမ်း၄ ဦး နှင့် အမျိုးသမီးဝန်ထမ်း ၁ဝ ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးရန်ပို့ဆောင် ထားပြီး ယနေ့တွင် ကျန်ရှိသည့် ဝန်ထမ်း ၃ ဦး၏ ဓါတ်ခွဲနမူနာများကို ဆက်လက်ပို့ဆောင်စစ်ဆေးမည်ဖြစ်သည်။
ဓါတ်ခွဲနမူနာရယူစစ်ဆေးသည့် ဝန်ထမ်း ၁၇ ဦးအား Facality Quaratine ( ၂၁ )ရက်ထားရှိမည် ဖြစ်သည်။ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းကိုလည်း ဝင်ထွက်သွားလာမှုကန့်သတ်ထားရှိခြင်း ၊ဝန်ထမ်းမိသားစု နေအိမ်များ ကိုလည်း Home Quaratine ထားရှိခြင်းတို့ကိုတာဝန်ရှိသူများက စီစဉ် ဆောင်ရွက် ထားကြောင်းသိရသည်။
ချမ်းသာ ( ပြန်/ဆက်)