ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ဒေးဒရဲ ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရန်နှင့် ခြင်ပေါက်ပွားမှု လျော့နည်းစေရန် ရည်ရွယ်၍  အမှတ်(၃)ရပ်ကွက်အတွင်းရှိ နေအိမ်များအား ယနေ့ နံနက်ပိုင်းက ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

အဆိုပါ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့သည့် ကလေးနေထိုင်ရာ‌ နေအိမ်နှင့် ပတ်ဝန်းကျင်ရှိ နေအိမ်များအား ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဒေးဒရဲမြို့နယ်အတွင်း သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊​ မြန်မာနိုင်ငံကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် မြို့နယ်အမျိုးသမီး ရေးရာ အဖွဲ့ဝင်များက မေလ ဒုတိယပတ်မှ စတင်၍ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာခွဲများအရောက် အဖွဲ့များခွဲ၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် နေအိမ်များ၊ ဌာနဆိုင်ရာ ရုံးများအတွင်း အဘိတ်ဆေး ခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ရှင်းလင်းခြင်း၊  စာသင်ကျောင်းများတွင် ကျောင်းကော်မတီ အဖွဲ့များနှင့် ပူးပေါင်းပြီး စာသင်ခန်းများနှင့် ကျောင်း၀န်းအတွင်း ခြင်ခိုအောင်းမှုမရှိစေရန် ရေလှောင်ကန်များ၊ ရေပုံးများ၊ ရေမြောင်းများ၊ မိုးရေဝင်နိုင်သည့် အိုးခြမ်းပဲ့၊ တာယာကွင်း၊ ဘုရားပန်းအိုး စသည့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများနှင့် အသိပညာပေးဟောပြာပွဲများအား အရှိန်အဟုန်မြှင့် စုပေါင်း ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

ရွှေဒေးသူ